မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်လျက်ရှိပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများကြောင့် အနာဂတ်
မြန်မာ့စီးပွားရေးမှာ ကမ္ဘာ့နိုင်ငံများက အံ့သြခဲ့ရသော အာရှကျား
နိုင်ငံများကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း ရှိ၊ မရှိကို
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အခြေစိုက် ကမ္ဘာ့စီးပွားရေးရာ လေ့လာ
သုံးသပ်ရေးအဖွဲ့ Business Monitor International က သုံးသပ်ရေးသား
ဖော်ပြသည်။
ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း အာရှဒေသရှိ
နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်တစား စောင့်ကြည့်မှုများနှင့်
ကြုံတွေ့ခဲ့ရသော်လည်း အဆိုပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်၌
မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိခဲ့ပေ။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံ၏
အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့်
ဗီယက်နမ် နိုင်ငံတို့သည် အာရှဒေသ၏ စီးပွားရေး ကျားနိုင်ငံများ ဖြစ်လာပြီး
စီးပွားရေး တိုးတက်မှုနှင့်အတူ လူနေမှု အဆင့်အတန်း တိုးတက်မှု၊ ပညာရေး
အဆင့်အတန်း တိုးတက်မှု စသည့် အကျိုးကျေးဇူးများ ရရှိခံစားရလျက် ရှိသည်။
အဆိုပါ
ကာလအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးတိုးတက်မှု မရှိဘဲ ခေတ်နောက်ကျ
ကျန်ခဲ့ခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းပယ်ထားမှု၊
စီးပွားရေးရာအရ တသီးတခြား ရပ်တည်နေမှု၊ မှားယွင်းသော စီးပွားရေးရာ
စီမံခန့်ခွဲမှုများကို ကာလရှည်ကြာ ပြုလုပ်ခဲ့မှု စသည့် အဓိကအချက်များကြောင့်
ဖြစ်သည်။ သို့သော်လည်း မကြာသေးမီ အချိန်မှ စတင်၍ ပြုလုပ်လျက်ရှိသော
မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့စီးပွားရေး
အင်အားကြီး အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား
နိုင်ငံရေး၊ စီးပွားရေးရာအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်
စတင်ဆွေးနွေး လုပ်ဆောင်မှုများ စသည့် အချက်များကြောင့် မြန်မာ့စီးပွားရေး
အခြေအနေနှင့် ပတ်သက်၍ အနာဂတ် အလားအလာကောင်းများ ပေါ်ထွန်းလျက်ရှိသည်။
မကြာမီကာလအတွင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့
သွားရောက်၍ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ
ဆွေးနွေးခဲ့သည်။ ဟီလာရီကလင်တန်၏ သမိုင်းဝင်ခရီးစဉ်သည် မြန်မာ့စီးပွားရေး
ပြန်လည် တည်ဆောက်နိုင်ရေး ခရီးရှည်ကြီးတွင် ပထမဆုံး ခြေလှမ်းသာဖြစ်ပြီး
ဆက်လက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။ အကယ်၍ မြန်မာနိုင်ငံ၏
စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်သွားပါက ၁၀
နှစ်အတွင်း ဗီယက်နမ် နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည်။
လူဦးရေ
သန်း ၆၀ ကျော်ရှိခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပမာဏ များစွာရှိခြင်း၊
လယ်ယာလုပ်ငန်း၊ တန်ဖိုးနည်း ကုန်ထုတ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း
နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်နိုင်သော အလားအလာ
များစွာရှိခြင်းတို့ကြောင့် Business Monitor International က
မြန်မာနိုင်ငံကို ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်နိုင်ကြောင်း ၂၀၀၇ ကတည်းက
ခန့်မှန်း ရေးသားခဲ့သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတတ်ရေးတွင်
ယင်းကဲ့သို့သော အလားအလာကောင်းများ ရှိသော်လည်း အခြားသော အခက်အခဲများလည်း
ရှိနေသေးသည်။ တရားဝင် ငွေလဲလှယ်နှုန်း (၁ ဒေါ်လာ=၆ ကျပ်) နှင့် လက်ရှိ
ဈေးကွက်ပေါက်ဈေး (၁ ဒေါ်လာ=၇၇၆ ကျပ်) ကြား ကွာဟချက် ကြီးမားစွာ
ဖြစ်ပေါ်လျက်ရှိခြင်းမှာ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိက အခက်အခဲ
တစ်ခုဖြစ်သည်။ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေ အဖွဲ့က မြန်မာအစိုးရကို ကူညီ ဆောင်ရွက်ပေးလျက်
ရှိသော်လည်း အဆိုပါကိစ္စ လက်တွေ့ ဖြစ်လာစေရန်မှာ အချိန်များစွာ
ယူရဦးမည်ဖြစ်သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင်
အမေရိကနှင့် ဥရောပနိုင်ငံများမှ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို
ရုပ်သိမ်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားရေးတို့မှာ အဓိက
အရေးပါလျက်ရှိသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏
သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစတစ်ခု ဖြစ်နိုင်သော်လည်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်၏ ၂၀၀၀ ပြည့်နှစ် မြောက်ကိုရီးယား
ခရီးစဉ်ကို သင်ခန်းစာယူရန် လိုအပ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မယ်ဒလင်းအောဘရိုက်၏ မြောက်ကိုရီးယား ခရီးစဉ် ပြီးဆုံးသွားသည်မှာ
ဆယ်စုနှစ်တစ်ခု ကျော်သွားပြီ ဖြစ်သော်လည်း မည်သည့်ရလဒ်မှ ရေရေရာရာ
ထွက်ပေါ်လာခြင်း မရှိသေးပေ။
သို့သော်လည်း မြန်မာအစိုးရ အနေနှင့်
နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း
နားလည် သိရှိလျက် ရှိသည်ဟု Business Monitor International အနေနှင့်
ထင်မြင်ယူဆလျက် ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ်
အလွန်အမင်း မှီခိုအားထား နေရမူကို လျှော့ချလိုလျက်ရှိပြီး အမေရိကန်
ပြည်ထောင်စုကလည်း မဟာဗျူဟာအရ အရေးပါလျက်ရှိသော မြန်မာနိုင်ငံကို
အာရှဒေသအတွင်း အင်အားကြီးမားလာလျက် ရှိသော တရုတ်နိုင်ငံအပေါ် အင်အား ပြန်လည်
ချိန်ညှိနိုင်ရန်အတွက် အလိုရှိလျက် ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် အလားအလာကောင်းများ
ပေါ်ထွန်းလျက် ရှိသည်။
၂၀၀၇ ခုနစ်မှ စတင်၍ Business Monitor
International သည် BLANK ဟူသော စကားလုံးကို မြန်မာ၊ လာအို၊ အာဖဂန်နှင့်
မြောက်ကိုရီးယားနိုင်ငံတို့ကို ရည်ညွှန်းနိုင်ရန် စတင် သုံးစွဲခဲ့သည်။
အဆိုပါ နိုင်ငံများအနေဖြင့် နိုင်ငံရေးရာ ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်နိုင်ပါက စီးပွားရေးရာအရ တိုးတက်နိုင်သော အလားအလာ
များစွာရှိကြောင်း Business Monitor International က ခန့်မှန်းရေးသား
ဖော်ပြပေးခဲ့သည်။ လာအိုနိုင်ငံ အနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ပြီး စီးပွားရေး တိုးတက်မှုများ ရရှိလျက် ရှိသော်လည်း BLANK
နိုင်ငံများတွင် လူဦးရေသန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံသည်သာ အာရှကျား
နိုင်ငံများကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ
အကောင်းဆုံးဖြစ်သည်။
Monday, September 24, 2012
Wednesday, September 12, 2012
မြန်မာ့ သရက်သီးများ တစ်နှစ်လုံးထွက်ရှိတင်ပို့ ရောင်းရနိုင်တော့မည်
သရက်သည် မြန်မာနိုင်ငံ၏ ပို့ကုန်တစ်ခုဖြစ်ပြီး ရာသီချိန်တွင် ထွက်ရှိတင်ပို့နိုင်ခဲ့ပါသည်။
ယခုအခါတစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးအတွက်FAO ၏ အကူအညီအပြင်
ထိုင်းနိုင်ငံ သရက်သီး ကျွမ်းကျင်သူများအသင်း (Mango Association of Thai) မြန်မာ
နိုင်ငံသစ်သီးဝလံ ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချသူများအသင်း ( MFVP )နှင့် မြန်မာ
နိုင်ငံစိုက်ပျိုးရေးလုပ်ငန်းတို့ ပူးပေါင်းကာနည်းပညာ ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း
သိရသည်။သို့ဖြစ်ပါ၍အနာဂတ်တွင်မြန်မာ့သရက်သီးများ သင်္ဘော၊ ကား၊ လေယာဉ်များ
အချိန်မရွေးစီး၍ ပြည်ပသို့ သွားတော့မည်ဖြစ်ကြောင်း သိရသည်။
Thursday, September 6, 2012
မရှိသင့်တော့သော မန္တလေး(၁၆)မိုင်ဂိတ်
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး
ဆောင်ရွက်လျှက်ရှိရာ နယ်စပ် ၀င်ပေါက်တွင်သာ စစ်ဆေးရေး
ဂိတ်များထားရှိပြီးသက်ဆိုင်သည့်ဌာန ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ
စစ်ဆေး၍ လျင်မြန်လွယ်ကူချောမွေ့စေရေး ယခင်စနစ်များကို ပြုပြင်
ပြောင်းလဲပေးခဲ့ပြီးဖြစ်ပါသည်။နိုင်ငံတကာတွင်လည်း နယ်စပ် ၀င်ထွက်
ဂိတ်များမှ လွဲ၍ လမ်းတစ်လျှောက်တွင်ခိုင်လုံသော သတင်းအရရှာဖွေ
ခြင်းမှလွဲ၍ လွတ်လပ်စွာကူးသန်းသွားလာနိုင်ကြောင်းတွေ့ရှိရပါသည်။
သို့ရာတွင် ယခုအချိန်အထိ စစ်ဆေးရေးဂိတ်များ ပြည်တွင်းတွင်
ဖွင့်လှစ်ထားရှိကာ ယာဉ်တစ်စီးလုံးကို မြေလှန်စစ်ဆေးသည့် စနစ်ဆိုး
အကျင့်ဆိုးမှာ ကျန်ရှိနေသေးကြောင်း ကြားသိရပါသည်။ အထူးသဖြင့်
လုပ်ငန်းရှင်များနှင့်ယာဉ်မောင်းများ စိတ်အညစ်ရဆုံးလမ်းစစ်ဆေးရေး
ဂိတ်မှာမန္တလေးမှ ပြင်ဦးလွင်သို့ အထွက် ( ၁၆ )မိုင်ဂိတ် ဖြစ်ကြောင်း
ရင်ဖွင့်သံများကိုမျှဝေလိုက်ပါသည်။
ကုန်သည်နှစ်ဖွဲ့ စားခွက် စားကျက် လုနေကြပြီလား
ကုန်စည်ဒိုင်များကို မြန်မာနိုင်ငံတလွှား ဖွင့်လှစ်ခဲ့ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး
ကုန်သွယ်မှု စည်းစနစ်ကျန မှန်ကန်စေရေး ရှိပြီးဖြစ်သည့် ကုန်သည်ကြီးများ
အသင်းခွဲများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက် မြင့်မြင့်မားမား
ထားရှိခဲ့သော်လည်း တရုတ် နယ်စပ်ဒေသရှိ ကုန်စည်ဒိုင်နှင့် ကုန်သည်ကြီး
အသင်းခွဲတို့မှာ အချင်းချင်း မညီမညွတ် ဖြစ်လျှက်ရှိကြောင်း ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးအတွက် ပူးပေါင်း အကောင်အထည်ဖော်ရမည့်အစား
တစ်ဗိုလ်တစ်မင်း ရပ်တည်ကာ စားခွက်လု စားကျက်လု လျှက်ရှိကြောင်းကြား
သိရပါသည်။ထို့ကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် လုပ်စားနေကြသော
ကုန်သည်များ မော်တော်ယာဉ်လိုင်းများဆက်စပ်ပတ်သက်သူများမှာ သူပိုင်ရာ
ကိုယ်ဆိုင်ရာ ချဉ်းကပ်မှုများဖြင့် လုပ်စားနေကြရကြောင်း စားခွက်လုပွဲကြီးတွင်
ဦးသူ လျင်သူက စားနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။
Wednesday, September 5, 2012
အလုပ်မဖြစ်သည့် ကုန်သည်အသင်း ဥက္ကဌများ နားသင့်ပြီ

မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း၏ လက်အောက်တွင် ရှိသော
ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကုန်သည်ကြီးများ အသင်းခွဲများ၏
ဥက္ကဌ အချို့မှာ ဥက္ကဌ တာဝန်ကို နှစ်ရှည်လများ ဆုပ်ကိုင်ထားပြီး
အသင်း၏ တိုးတက်ရာ တိုးတက်ကြောင်းများကို ဆောင်ရွက်နိုင်ခြင်း
မရှိဘဲ ကိုယ်အကျိုး စီးပွားကိုသာ ဆောင်ရွက် နေခြင်းကြောင့် ၄င်း
နယ်မြေရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် များစွာ
နစ်နာစေကြောင်းဖြစ်နိုင်ပါက၄င်းတို့ကိုလဲလှယ်ပေးသင့်ပြီဖြစ်ကြောင်း
ဝေဖန်ပြောကြားမှုများ ကြားသိရပါသည်။ အထူးသဖြင့် နယ်စပ်ဒေသ
များတွင် ပြုပြင် ပြောင်းလဲမှုများ အမြန်ဖြစ်ပေါ် စေလိုသည့် ဆန္ဒများ
ရှိကြောင်း သိရှိရပါသည်။ အမှန်တကယ် ပြည်သူ့ အကျိုးပြုလုပ်ငန်း
များကို စိတ်စေတနာပါပါဖြင့် ဆောင်ရွက်နိုင်ပါက ထိုဥက္ကဌမျိုးကို
လက်ခံကြောင်း လက်ရှိ ဥက္ကဌများမှာ မိမိအကျိုးကို ဖန်တီးရယူနေသူ
များဖြစ်ကြောင်းကြားသိရပါသည်။
ကုန်သည်များ သစ္စာတရား ရှိရန် လိုအပ်
မြန်မာနိုင်ငံမှ ၀ိသမသား ကုန်သည်တချို့သည် နိုင်ငံတော်မှ အလိုအလျှောက်
လိုင်စင်စနစ် ခွင့်ပြုပေးပြီးနောက် လိုင်စင်လျှောက်ထားရာတွင် ဈေးနှုန်းများကို
စိစစ်ခြင်း၊ မပြုတော့သည့်အတွက် ပုံမှန် လျှောက်နေကြ ကုန်ပစ္စည်းများ၏
ဈေးနှုန်းကို ၇၀% ခန့်အထိ လျော့ချလျက် လျှောက်ထား လာကြောင်းတွေ့ရှိ
ရသည့် အတွက် သက်ဆိုင်ရာ ကုန်သွယ်ရေးဌာနက အဆိုပါ ကုမ္ပဏီများကို
မှန်မှန် ကန်ကန်ေ ဈးနှုန်းစာရင်း ဖော်ပြကြရန်နှင့် မမှန်မကန် လိမ်လည်
လျှောက်ထား မှုများကို ပြန်လည် ဖော်ထုတ်သိရှိ ခဲ့ပါက ဥပဒေနှင့် အညီ
အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလအထိ သတိပေး စည်းရုံး
ဆောင်ရွက်မှုသာ ဆောင်ရွက်မည်ဖြစ်သော်လည်း၊ နောင်တွင် ထိရောက်စွာ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
e-Government လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်ရန်လိုအပ်

၂၀၁၅ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအတွင်း အာဆီယံ
အသိုက်အမြုံကိုထူထောင်တော့မည်ဖြစ်ရာ နိုင်ငံအသီးသီးသည် အချင်းချင်း ပိုမို
ရင်းနှီးစွာဆက်ဆံရေးနှင့်လုပ်ငန်းလွယ်ကူမြန်ဆန်ရေးအတွက် e-Government
ယန္တရားကို ထူထောင် လည်ပတ် တော့မည်ဖြစ်ရာ အစိုးရဌာနများ အနေဖြင့်
အသင့်ဖြစ်ရေးဆောင်ရွက်ရန် လိုအပ်လျှက်ရှိပြီ ဖြစ်ပါသည်။
ယခုချိန်ထိ အရိုးစွဲလျက်ရှိသော ကြိုးနီစနစ်များ မလိုအပ်သော စာရွက်
စာတမ်းများ လျော့ချပြီး အဆင့်အလိုက် တာဝန်ယူမှုဖြင့် ဆောင်ရွက်ရတော့မည်
ဖြစ်ရာ IT ခေတ်တွင် ပေါ့ပါး လွယ်ကူ မြန်ဆန်သော ဆက်သွယ်ရေးစနစ်များဖြင့်
အချိန်တိုအတွင်း အလုပ်ဖြစ်မည့် လုပ်နည်းစနစ်ကို ပြောင်းလဲပြင်ဆင်ရတော့
မည်ဖြစ်ပါသည်။ မည်သည့် ဌာနများက ရှေ့ရောက်ပြီး၊ e-Government
စနစ်ကို အကောင်အထည်ဖော်နေကြောင်း စုံစမ်းတီးခေါက်ရာ ကုန်သွယ်ရေး၊
သိပ္ပံနည်းပညာ၊ စီမံစီးပွား စသော ဌာနများက လက်တွေ့ အကောင်အထည်
ဖော်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားသားများ၏ မျှော်လင့်ချက်
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝပြီး လုပ်သားအရင်းအမြစ် ရှိခြင်း၊
ပထ၀ီ အနေအထားအရ အချက်အခြာ ကျခြင်းတို့ကြောင့် နိုင်ငံခြားသား
များ၏ စီးပွားရေးအခွင့်အလမ်းများပြားသော နိုင်ငံအဖြစ် မျက်စိကျလျှက်
ရှိသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည် မဖြစ်သေးခြင်း၊
နိုင်ငံခြားသားများ ပြည်တွင်းတွင် ကုန်သွယ်ခွင့် မရသေးခြင်း ဖတ်စပ်
ဆောင်ရွက်ရန် စိတ်ချရသော ပြည်တွင်း မိတ်ဆွေများ ရှာဖွေရန်
အထောက် အကူမရရှိခြင်း တို့ကြောင့် အမှန်တကယ် စီးပွားရေးလုပ်ငန်း
များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖော်ပြပါ အချက်များအပေါ်
ထင်သာ မြင်သာရှိသော တုံ့ပြန်မှုများမျှော်လင့်နေကြောင်းသိရှိရပါသည်။
ထန်းပင်တွေ ကုန်တော့မယ်
အညာတစ်ဝိုက် ပေါပေါများများ ပေါက်ခဲ့တဲ့ ထန်းပင်တွေ
ယခုအခါ စီးပွားရေး သောင်းကျန်းတဲ့ ကုမ္ပဏီ တစ်ချို့ကြောင့်
ခုတ်လဲပြီး ပြည်ပ ပို့တော့မယ် ဖြစ်ကြောင်းသိရတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလေးထားနေတဲ့
အချိန်မှာမလိုအပ်ဘဲထန်းပင်တွေ ခုတ်လှဲတင်ပို့ခြင်းအတွက်
သက်ဆိုင်တဲ့ ဌာနတွေက မျက်ကွယ်မပြုဘဲ သေချာစိစစ်သင့်
ကြောင်း၊ ပြောဆိုဝေဖန်သံတွေ ကြားနေရပါတယ်။သစ်တော
ဌာနနဲ့ ကုန်သွယ်ရေးဌာနတွေအပြင် ဒေသ အာဏာပိုင်တွေ
ကပါ မျက်ကွယ်ပြုမထားသင့်ကြောင်း၊ ဘီယာတွေပေါလာ
ပေမဲ့ ထန်းရည်နဲ့ ထန်းလျက်ခဲဟာ ရိုးရာဖြစ်ကြောင်း၊ အညာ
သားတွေက ရင်ဖွင့်နေကြောင်းသိရပါတယ်။
Subscribe to:
Posts (Atom)